(၂၀၁၉) Myanmar National League (U-18) အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့နောက်ဆုံးပွဲစဉ်ကို ဇူလိုင်လ (၂၅) ရက်ညနေကရန်ကုန်မြို့ပဒုမ္မာကွင်းမှာကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ ISPE အသင်းက မြ၀တီအသင်းကို (၃) ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရကာချန်ပီယံဆုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

အသင်း (၈) သင်းနဲ့ယှဉ်ပြိုင်ကစားလျက်ရှိတဲ့ အသက်(၁၈)နှစ်အောက် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ် (၁၃)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်အထိ ချန်ပီယံအသင်းထွက် ပေါ်လာခြင်းမရှိသေးဘဲ အမှတ်ပေးဇယားရဲ့ အဆင့် (၁)နေရာက ISPE အသင်းနဲ့၊ အဆင့် (၂) နေရာက မြ၀တီအသင်းတို့ဟာ ရမှတ်(၃၇) မှတ်ချင်း တူညီနေခဲ့ပြီး  ဂိုးကွာခြားချက်နဲ့အစဉ်လိုက်ရပ်တည်နေခဲ့တာပါ။ ချန်ပီယံဆုအတွက်အဆုံးအဖြတ်ပေးမယ့် နောက်ဆုံးပွဲစဉ်အဖြစ် ပွဲစဉ် (၁၄)မှာတော့ အဆိုပါနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့ပြီး ISPE အသင်းက မြ၀တီအသင်းကို (၃) ဂိုး၊ ဂိုးမရှိနဲ့ဂိုးပြတ်အနိုင်ရကာရမှတ် (၄၀) နဲ့ ချန်ပီယံဆုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ယခု (၂၀၁၉) ခုနှစ်မြန်မာနေရှင်နယ်လိဂ် U-18 အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တဲ့ ISPE အသင်းဟာ တစ်   ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဆုကိုဆွတ်ခူးခဲ့တာဖြစ်ပြီး ပွဲစဉ် (၁၄) ပွဲမှာ (၁၃) ပွဲအထိအနိုင်ရရှိကာ သွင်းဂိုး    (၁၂၁) ဂိုးနဲ့၊ သွင်းဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ မြ၀တီအသင်းကိုအနိုင်ရတဲ့     ပွဲစဉ်မှ ISPE အသင်းအတွက်အနိုင်ဂိုးတွေကိုတော့ ပထမပိုင်းပွဲချိန် (၁၉) မိနစ်မှာ လှိုင်ဘွား၊ ဒုတိယပိုင်းပွဲ  ချိန် (၇၃) မိနစ်မှာလရောင်နဲ့ အချိန်ပို (၉၃) မိနစ်မှာကွင်းလယ်လူ ကိုကိုနိုင်တို့ကသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Myanmar National League (U-18) 2019 အမှတ်ပေးဘာလုံးပြိုင်ပွဲမှာ တတိယဆုရရှိခဲ့တဲ့ University အ သင်းကိုတစ်ဦးချင်းဆုတံဆိပ်နဲ့ဆုကြေးငွေကျပ် (၂၅) သိန်း၊ ဒုတိယဆုရရှိခဲ့တဲ့မြ၀တီအသင်းကို တစ်ဦးချင်း ဆုတံဆိပ်နဲ့ ဆုကြေးငွေကျပ်သိန်း (၅၀)၊ ချန်ပီယံဆုရရှိခဲ့တဲ့ ISPE အသင်းကို တစ်ဦးချင်းဆုတံဆိပ်နဲ့ဆုကြေး    ငွေကျပ်သိန်း (၁၀၀) တို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

 

 

Related News