ယမန်နေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ နောက်(၂၄)နာရီ အတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)  အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။  

 မနက်ဖြန်ညနေအထိ ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာနေရာအနှံ့အပြား၊ နေပြည်တော်နှင့် မန်္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာမယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင် ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီကို (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိပါမယ်။နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးဆက်လက်ရွာပါမယ်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးရွာပါမယ်။

Related News