ယမန်နေ့မြန်မာစံတော်ချိန် (၁၂) နာရီခွဲ အချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ နောက် (၄၈) နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင် တယ်လို့ ခန့်မှန်းရပါတယ်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတို့မှာ အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။မနက်ဖြန်ညနေအထိ ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန် ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီ ကို (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါတယ်။ ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့် ရှိပါမယ်။နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။

နေပြည်တော်နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ အများအားဖြင့် သာယာပါမယ်။ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။

 

 

 

Related News