ယမန်နေ့မြန်မာစံတော်ချိန် (၁)နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ တနင်္သာရီကမ်းရိုးတန်းပေါ်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့် သာယာနေပါတယ်။    

မနက်ဖြန်ညနေအထိ ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ မွန်ပြည်နယ်မှာ နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ  တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ 

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပါမယ်။နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ မိုးဆက်လက်ထစ်ချုန်းရွာပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ အများအားဖြင့် သာယာပါမယ်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။

Related News