ယမန်နေ့မြန်မာစံတော်ချိန် (၁)နာရီခွဲ အချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့ တနင်္သာရီကမ်းရိုးတန်းပေါ်မှာ ဖြစ်ပေါ်နေတဲ့  လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်မှာ အများအားဖြင့် သာယာနေပါတယ်။ မနက်ဖြန်ညနေအထိ ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာပါမယ်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါတယ်။

နေပြည်တော်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့နဲ့ အများအားဖြင့် သာယာပါမယ်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် (၃၅) မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။

ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိပါမယ်။ နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးဆက်လက်ရွာနိုင်ပါတယ်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးနဲ့ အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ အများအားဖြင့် သာယာပါမယ်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့  တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။       

Related News