ချင်းတွင်းမြစ်ရေဟာ ဇူလိုင်(၇)ရက်နေ့အထိ ခန်္တီးမြို့ရဲ့စိုးရိမ်ရေအမှတ်အထက်မှာပဲရှိနေပြီး ရေဘေးရှောင်ပြည်သူလူဦးရေ(၁၉၀၀)ကျော် ကယ်ဆယ်ရေးစခန်းမှာရှိနေတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေဟာ ခန်္တီးမြို့မှာ ဇူလိုင်လ(၅)ရက်နေ့ ညသန်းခေါင်ယံအချိန်ကစတင်ပြီး စိုးရိမ်ရေအမှတ်(၁၃၆၀)စင်တီမီတာကို ကျော်လွန်ပြီး (၁၄၃၀)စင်တီမီတာအထိ အမြင့်ဆုံးရောက်ရှိနေ တာပါ။ ဇူလိုင်လ(၇)ရက်နေ့ နေ့လည်(၁၁)နာရီခွဲအချိန် တိုင်းတာ ချက်မှာတော့ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ပေမယ့် (၁၃၈၈)စင်တီမီတာအထိရှိနေပြီး စိုးရိမ်ရေအမှတ်အထက် (၂၈)စင်တီမီတာ ပိုရောက်ရှိနေတယ်လို့ သိရပါတယ်။ 
 
ဒီလို မြစ်ရေမြင့်တက်မှုကြောင့် ခန်္တီးမြို့က မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတွေက ဒေသခံတွေအနေနဲ့ မြို့နယ်က ဖွင့်လှစ်ပေးထားတဲ့ ကယ်ဆယ်ရေးစခန်း(၃)ခုမှာ လာရောက် နေထိုင်နေကြတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးစခန်း(၃)မှာ လာရောက်နေထိုင်သူ အိမ်ထောင် စုပေါင်း (၄၂၅)စု လူဦးရေ(၁၉၀၀)ကျော်ထိရှိနေတယ် လို့သိရပါတယ်။ခန်္တီးမြို့နယ်မှာ မြစ်ရေမြင့်တက်ပြီး ရေကြီးမှုတွေဖြစ်ပေါ်နေတာကြောင့် စာသင်ကျောင်း (၁၅)ကျောင်းကို ယာယီပိတ်ထားခဲ့ပြီး လက်ရှိမှာတော့ စာသင်ကျောင်း (၅)ကျောင်းကို ပြန်လည် ဖွင့်လှစ်နိုင်ပြီလို့သိရပါတယ်။
 
 

Related News