မိုးရွာသွန်းမှုကြောင့် ဇူလိုင်လ ၁ ရက်တည်းက ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် မြင့်တက်ခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသ(၈) ခုကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးက ကျေးရွာပေါင်း (၄၇) ရွာကို ရေ၀င်ရောက်ခဲ့ပြီး နေအိမ်(၂၃) လုံးမျောပါပျက်စီးကာရေဘေးသင့်အိမ်ထောင်စုပေါင်း (၂၇၀၀) ကျော်ရှိခဲ့တယ်လို့ ဇူလိုင်လ (၁၂) ရက်အထိ နောက်ဆုံးကောက်ယူထားတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ရေဘေးဖြစ်ပွားမှုစာရင်းအရသိရပါတယ်။
 
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာနက ရေကြီးရေလျှံတဲ့ ဒေသတွေကို ခေါက်ဆွဲထုပ်နဲ့ရေသန့်ဘူးစတဲ့ စားနပ်ရိက္ခာတွေအပြင် ကယ်ဆယ်ရေးပစ္စည်းတွေကို ထောက်ပံ့ခဲ့ပြီး ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့တဲ့ ၁၂ ရက်တာအတွင်း စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း (၃၀၀) နီးပါး ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ ခန်္တီးစတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ဒေသန္တရဆိုင်ရာ အဖွဲ့အစည်းများက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ အရေးပေါ်ရေ ဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။
 
 
 

Related News