ယမန်နေ့မြန်မာစံတော်ချိန် (၁)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေနဲ့ အနောက် ဘင်္ဂလားကမ်းခြေတို့မှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပါတယ်။
 
အဆိုပါ လေဖိအားနည်း ရပ်ဝန်းဟာ နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာမှ အားအလွန် ကောင်းနေပါတယ်။ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
 
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်မှာ (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါတယ်။
 
နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့  တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးဆက်လက်ပိုနေပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် မိုးထစ်ချုန်းရွာပါမယ်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ မိုးအသင့်အတင့်ထစ်ချုန်းရွာပါမယ်။ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်တော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။
 
 

Related News