ဒုတိယရေကြီးကာလဖြစ်တဲ့ သြဂုတ်လမှာလက်ရှိ(၁၇)ရက်နေ့အထိ ချင်းတွင်းမြစ်ရေဟာ ခန်္တီးမြို့နယ်မှာစိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတာကြောင့် ခန်္တီးမြို့နယ်မှာ ရေဘေးသင့်ပြည်သူ(၃၀၀၀) ကျော်အထိရှိလာပြီလို့ ခန်္တီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရပါတယ်။ ချင်းတွင်းမြစ်ရေဟာ ခန်္တီးမြို့နယ်မှာ သြဂုတ်လ(၁၆)ရက်နေ့ နံနက်(၉)နာရီအချိန် တိုင်းထွာချက်အရ ခန်္တီးမြို့နယ်မှာစိုးရိမ်ရေမှတ် (၁၃၆၀)စင်တီမီတာကိုကျော်လွန်ပြီး (၁၅၁၈)စင်တီမီတာထိကိုရောက်ရှိနေတာပါ။ သြဂုတ်လ(၁၆)ရက်နေ့ နဲ့သြဂုတ်လ(၁၇)ရက်နေ့ နေ့လည်(၁၂)နာရီခွဲအချိန်တိုင်းတာချက်အရတော့ ခန်္တီးမြို့နယ်မှာ စိုးရိမ်ရေမှတ်အောက်ကိုတော့ မရောက်သေးပဲ အရင်ရက်ကထက်တော့ မြစ်ရေဟာ(၁)ပေခွဲလောက်သာ ကျဆင်းနေသေးတာဖြစ်တယ်လို့ သိရပါတယ်။
 
မြစ်ရေအနည်းငယ်ပြန်လည်ကျဆင်းသွားပေမယ့် အရင်နေ့များကမြစ်ရေတက်ထားမှုကြောင့် ခန်္တီးမြို့နယ်က ကျေးရွာဒေသခံတွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာပဲ နေထိုင်နေရသေးတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကျရတဲ့ အိမ်ထောင်စုပေါင်း (၇၂၁)စု၊ လူဦးရေပေါင်း (၃၃၁၀) အထိရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြစ်ရေမြင့်တက် မှုကြောင့် ရွှေ့ပြောင်းနေထိုင်ကျရတဲ့သူတွေကို လာရောက်လှူဒါန်းသူတွေလည်း ရောက်ရှိနေပြီလို့ သိရပါတယ်။ ခန်္တီးမြို့နယ်မှာမြစ်ရေတက်ပြီး ရေကြီးမှုတွေဖြစ်ပေါ်နေတာကြောင့် သြဂုတ်လ(၁၃)ရက်ကစပြီး စာသင်ကျောင်း(၂၉)ကျောင်းကို လက်ရှိအချိန်အထိယာယီပိတ်ထားရတယ်လို့သိရပါတယ်။ 
 
 

Related News