ကာရေဘီယံဒေသတစ်ဝိုက်မှာ အင်အားပြင်း ဟာရီကိန်းမုန်တိုင်းအဖြစ် တိုက်ခတ်လာပြီး မုန်တိုင်းလမ်းကြောင်းတစ်လျှောက်မှာ ပျက်ဆီးဆုံးရှုံးမှုအများဆုံးကို ဖြစ်ပွားစေခဲ့တဲ့ ဟာရီကိန်း မုန်တိုင်း အာမာဟာ အမေရိကန်နိုင်ငံရဲ့ ဖလော်ရီဒါပြည်နယ်ကို နီးကပ် လာချိန်မှာ ပိုမိုအားကောင်း လာနေပါတယ်။ ဟာရီကိန်းမုန်တိုင်းအာမာဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ကိုဝင်ရောက်မယ့် အချိန်မှာ မုန်တိုင်းအဆင့် သတ်မှတ် ချက်အဆင့်(၄)ရှိနေပြီလို့ အမေရိကန်အမျိုးသား ဟာရီကိန်း စင်တာက ခန့်မှန်းလိုက်ပြီး အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို မိုင်(၁၃၀)နှုန်းနဲ့ တိုက်ခတ်နိုင်တယ်လို့ပြောပါတယ်။
 
ဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် ဖလော်ရီဒါတောင်ပိုင်းမှာ လေတိုက်နှုန်းပြင်း ထန်နေပြီး အမေရိကန်စံတော်ချိန် စက်တင်ဘာလ(၁၀)
ရက်နေ့လည်လောက်မှာ ဖလော်ရီဒါပြည်နယ်ထဲကို ၀င်ရောက်တိုက်ခတ် နိုင်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက ခန့်မှန်းထားပါတယ်။ မုန်တိုင်းဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားတဲ့ အမေရိကန်နိုင်ငံရဲ့ ကမ်းခြေဒေသတွေမှာ ရေကြီးတာတွေဖြစ်နေပါတယ်။ ဟာရီကိန်း မုန်တိုင်း အာမာဟာ အမေရိကန်နိုင်ငံကို မ၀င်ရောက်ခင်မှာ ကာရေဘီယံဒေသအတွင်း ၀င်ရောက်တိုက်ခတ် ခဲ့တာဖြစ်ပြီး ကာရေဘီယံဒေသမှာ မုန်တိုင်းကြောင့်သေဆုံးသူ အနည်းဆုံး(၂၅)ဦးရှိခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်အစိုးရကတော့ ပြည်နယ်ထဲက လူဦးရေ(၆)သန်းခွဲကျော်လောက်ကို မုန်တိုင်းဝင်မတိုက်ခင် ကြိုတင်ပြောင်းရွှေ့ပေးထားပါတယ်။ မုန်တိုင်းဟာဖလော်ရီဒါတောင်ပိုင်းက ကျွန်းစုတွေနဲ့အနောက်ဘက် ကမ်းခြေဒေသကို အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်ဖွယ်ရှိနေတယ်လို့ အမေရိကန်အမျိုးသားဟာရီကိန်းစင်တာက ခန့်မှန်းထားပါတယ်။
 

Related News