မုန်တိုင်းငယ်(DoKsuri) ဒေါ့ဆူရီဟာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်ပြီး မြန်မာနိုင်ငံကိုမရောက်မီ ဗီယက်နမ်အလွန်လောက်မှာ စက်တင်ဘာလ(၁၆)ရက်က အားပျော့ ပျက်ပြယ်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့မုန်တိုင်းငယ်ရဲ့အရှိန်နဲ့ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာကာ မုတ်သုန်ကလည်းအားပြန်ကောင်းလာပြီးယခုရက်ပိုင်း မိုးရွာသွန်း နေတာ ဖြစ်တယ်လို့သိရပါတယ်။ အခုလက်ရှိဘင်္ဂလားပင်လယ်အော်ရဲ့ မြောက်ဖက်ရေပြင်ပေါ်မှာ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်လာနေပြီလို့ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာလဲ အခုနှစ် မိုးရာသီတစ်ရာသီတစ်ခုလုံး မုန်တိုင်းတစ်ခါမှမဖြစ်ခဲ့တာကြောင့် အခုအချိန်ဟာ မုန်တိုင်းစ ဖြစ်ရမယ့် အချိန်ရောက်နေပြီ ဖြစ်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်ထား ပါတယ်။
 
ဒါ့ကြောင့် မုတ်သုန်မိုးနဲ့ အတူမုန်တိုင်းမိုးပါဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ဒါ့အပြင် ဒေါ့ဆူရီကဲ့သို့အရှေ့ကလာတဲ့ လေဗွေလှိုင်းကြောင့် မိုးရွာတဲ့ဖြစ်စဉ်ဟာ လက်ရှိကာလမှာ (၃)ခုဖြစ်ပေါ်နိုင်ပြီး ဒီသုံးခုကတော့ တစ်ခါတစ်လေ တစ်ပြိုင်ထဲစုပြီးဖြစ်ပေါ်နိုင်ပေမယ့်  (၂)ခုစုံပြီးဖြစ်တာကတော့ ဖြစ်နိုင်ချေပိုများပြီး မိုးများခဲ့ရင်ရေတက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါမျိုးက စက်တင်ဘာလနဲ့အောက်တိုဘာမှာဖြစ်တတ်ပြီး တတိယရေကြီးကာလအဖြစ် ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်မြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်းမြစ်တွေမှာ စိုးရိမ်ရေအမှတ်ကျော် တာမရှိသေးဘဲ င၀န်မြစ်စစ်တောင်းမြစ်တို့ကတော့ လွန်ခဲ့တဲ့ တစ်ပတ်နှစ်ပတ်ထဲက စိုးရိမ်ရေအမှတ် ကျော်လွန်နေပြီး  အခုလက်ရှိရွာသွန်းနေတဲ့ မိုးနဲ့ဆိုရင်တော့ ရေအနည်းငယ်ပြန်တက်နိုင်တယ်လို့ သိရပါတယ်။ ဒီတစ်ခါရေတက်ရင် သံလွင်၊စစ်တောင်း၊ ဒုဌ၀တီ၊ ရွှေကျင်၊ ပဲခူး၊ င၀န်မြစ်တို့က ရေပိုတက်နိုင်ပြီး ရေဘေးအန်္တရာယ်ဖြစ်လာတဲ့အထိတက်မယ် မတက်ဘူးဆိုတာကတော့ စောင့်ကြည့် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
 
 

Related News