စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့်ရေကြီးမှုဖြစ်ပေါ်ပြီး အိမ်ထောင်စု(၂၁၀၀)ကျော်ရေလွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြရတယ်လို့ကလေးခရိုင် ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှသိရပါတယ်။ ကလေးမြို့နယ်အတွင်းအနိမ့်ပိုင်းကျေးရွာ၊ရပ်ကွက်တွေမှာရေ၀င်ရောက်မှုကြောင့်  ရေလွတ်တဲ့ နေရာတွေဖြစ်တဲ့ကလေးမြို့ပေါ်တွေမှာ အိမ်ထောင်စု(၂၁၇၃)စုရွှေ့ပြောင်း နေထိုင်ကြရတယ်လို့သိရပါတယ်။ ရေဘေးကြောင့်အိမ်ထောင်စုတွေရွှေ့ပြောင်းနေထိုင်ကြရပေမယ့် အိမ်ခြေတွေကတော့ ပျက်စီးဆုံးရှုံးခြင်းမရှိဘူးလို့သိရပါတယ်။ဒါ့အပြင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအနေနဲ့လည်း ပြီးခဲ့တဲ့စက်တင်ဘာ(၂၀)ရက်ကစတင်ပြီး လူတစ်ဦးကိုငွေကျပ် (၂၁၀၀)နှုန်းနဲ့စုစုပေါင်း ငွေကျပ်(၁၂၃)သိန်း၊ခြောက်သောင်း၊ကိုးထောင်ကျပ်ဖိုးအထိ ထောက်ပံ့ပေးလျှက် ရှိတယ်လို့သိရပါတယ်။ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြစ်သာမြစ်ရေဟာ ပြင်သာနဲ့ကလေးမြို့နယ်မှာ စိုးရိမ်ရေအမှတ်(၇)ပေခန့်ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်းမှာ (၃)ပေခန့် ကျဆင်းနိုင်ပေမယ့် စိုးရိမ်ရေအမှတ်ထက်ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားပါတယ်။ဒါကြောင့် မင်းကင်းမြို့နယ်၊ ပြင်သာ၊ ကလေးမြို့နှင့် ငါးသိုင်းချောင်းမြို့ အတွင်းရှိမြစ်ကမ်းနဲ့မြေနိမ့်ပိုင်းနေထိုင်သူများလည်း သတိပြုနေထိုင်ကြ ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
 

Related News