ယမန်နေ့မြန်မာစံတော်ချိန် (၁း၃၀)နာရီ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း မှာ  ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) ဟာ အိန္ဒိယနိုင်ငံ၊ ပူရီမြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၈၀)ခန့်၊ ချန့်ဘာလီမြို့၏ တောင်ဘက် (၂၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာ၊ အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ပူရီမြို့နှင့် ချန့်ဘာလီမြို့တို့အနီးမှ နောက် (၂၄)နာရီ အတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါတယ်။  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါတယ်။
 
ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့ မှာ နေရာကွက်ကျား၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့ မှာ  နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့ မှာ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန်္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ 
 
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။  မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင် ပါတယ်။  လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ (၆)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါတယ်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ မှာ မိုးပိုလာနိုင်ပါတယ်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာပါမယ်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ မိုးအသင့်အတင့် ထစ်ချုန်းရွာပါမယ်။ 
 
 

Related News