ယမန်နေ့မြန်မာစံတော်ချိန်(၁)နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားပျော့သွားပြီ ဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနဲ့ တောင်ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာပါမယ်။
 
ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့နဲ့ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ(၃)ပေမှ (၅)ပေခန့်ရှိနိုင်ပါတယ်။
 
နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ပါမယ်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်၊ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်တော့ အများအားဖြင့်သာယာပါမယ်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းပါမယ်။
 
 
 
 

Related News