လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေမှာ နွေရာသီကာလ အပြင် မိုးရာသီကာလမှာပါ ရေမလုံလောက်မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။လှိုင်သာယာမြို့နယ် အတွင်းပဒံအုပ်စုမှာ အတွင်းပဒံ၊ ကျွန်းကလေး၊ မြစိမ်းရောင်ဆိုပြီး ရွာ(၃)ရွာရှိပါတယ်။ အတွင်းပဒံကျေးရွာမှာ လက်ရှိ သောက်သုံးရေကန်(၃)ကန်ရှိပြီး (၁)ကန်မှာ ဧပြီလပိုင်းရောက်ရင် ရေခမ်းခြောက်သွားလို့ ကျေးရွာနေပြည်သူတွေအနေနဲ့ သောက်သုံးရေကန် (၂)ကန်ကို သာအားထားအသုံးပြုနေရပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ အချိန်မှာသာ ရေခပ်ယူနိုင်တယ်လို့ သိရပါတယ်။ ကန်တွေမှာ ရေတွေကို စုဆောင်းဖို့အတွက် မိုးတွင်းကာလမှာ မိုးရေတွေကို ပိုက်လိုင်းတွေနဲ့ သွယ်တန်းပြီး စုဆောင်းထားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လှိုင်သာယာမြို့နယ်အတွင်း အချို့နေရာတွေမှာ တွင်းရေရရှိသုံးစွဲနိုင်ပေမယ့် အတွင်းပဒံကျေးရွာမှာတော့ ရေတူးဖော်ရာမှ ရရှိတဲ့ရေဟာ သုးံစွဲလို့ မရတာကြောင့် အခုလိုအခက်အခဲတွေဖြစ်ပေါ်နေတာပါ။ လက်ရှိမှာတော့ အတွင်းပဒံကျေးရွာအနီးမှာ စည်ပင်ရေရရှိနေပြီး အတွင်းပဒံကျေးရွာကတော့ မရရှိသေးဘူးလို့ သိရပါတယ်။ အတွင်းပဒံကျေးရွာအုပ်စုမှာ နေ့စဉ်သုံးစွဲဖို့အတွက် ရေကို မနက်ပိုင်းမိနစ်(၃၀)နဲ့ ညနေပိုင်း မိနစ်(၃၀)သတ်မှတ်ပေးထားပြီး ဒီနှစ်ချိန်မှာပဲ ရေခပ်ယူနေရတယ်လို့ သိရပါတယ်။အတွင်းပဒံအုပ်စု အတွင်းက ကျေးရွာ(၃)ရွာမှာ အိမ်ခြေ(၂၀၀၀)နီးပါးရှိပြီး လူဦးရေ(၁)သောင်းကျော် နေထိုင်နေကြတာ ဖြစ်ပါတယ်။
