အောင်မင်္ဂလာအဝေးပြေးကားဝင်းအနီး၊မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် မှာရှိတဲ့ သီရိရတနာလက်လီလက် ကားဈေးမှာ နိုဝင်ဘာလ (၃)ရက် မနက် (၇)နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ သီရိရတနာလက်လီလက်ကားဈေးအတွင်းမှာရှိတဲ့ L 3 အဆောက်အဦးနှစ်ထပ်တွဲဆိုင် ဆိုင်ခန်းအမှတ်(၆၉)၊ တင်နာနဲ့ ကားဆေးမှုတ်ပစ္စည်းအရောင်းဆိုင်ကစတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ အဆိုပါ မီးလောင်မှုကို မြန်မာနိုင်ငံမီးသတ် ဦးစီးဌာန မှ Level (2) အဆင့်သတ်မှတ်ပြီး မီးငြိမ်းသတ်ခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုအကြောင်းအရင်းမှာ ရေခဲသေတ္တာ Safeguard ပလပ်ခေါင်းမှာ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ရေခဲသေတ္တာ (၁)လုံး၊ Safeguard (၁)ခု၊(၁)ကောင်အား အဲယားကွန်း (၁)လုံး၊တင်နာပုံးတွေ၊ ကားမှုတ်ဆေးပုံးတွေ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးအနေနဲ့ မြန်မာကျပ်ငွေတန်ဖိုး(ငါးသိန်းရှစ်သောင်း)ကျပ် ဆုံးရူံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။မီးလောင်မှုဖြစ်စဉ်ကို မီးလောင်တဲ့ဆိုင်ခန်းဘေးမှာ ရောင်းချနေတဲ့ MGS  Steel အရောင်းဆိုင်မှ  ဆိုင်ခန်း ပိုင်ရှင်ကလည်း အခုလိုပြောပါတယ်။

မီးငြိမ်းသတ်ရာမှာ စုစုပေါင်း ရေသယ်ယာဉ် (၁၁)စီး၊ အထောက်အကူပြုယာဉ် (၄)စီး၊ စုစုပေါင်းကွပ်ကဲမှုယာဉ် (၈)စီးနဲ့ မီးငြိမ်းသတ်ခဲ့ရပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၂) ဦးပါဝင် မီးငြိမ်းသတ်ခဲ့ပါတယ်။ မီးလောင်ပြင်ကို မီးငြိမ်းသတ်ယာဉ်တွေအပြင် ကြက်ခြေနီတပ်ဖွဲ့၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သီးသန့်မီးသတ် တပ်ဖွဲ့ကားတွေ၊ လူမှုကူညီရေးအဖွဲ့အစည်းတွေပါ လာရောက်မီးငြိမ်းသတ်ခဲ့တယ်လို့သိရပါတယ်။ မီးလောင်ခဲ့သည့် ဆိုင်ခန်းပိုင်ရှင်ကို မြောက်ဥက္ကလာပမြို့မရဲစခန်းမှာ (ပ)၁၃၄၅ /၂၀၁၈/ပုဒ်မ (၂၈၅) နဲ့အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ 

 

Related News