မြန်မာမှုလက်မှုပစ္စည်းအရောင်းဈေးကွက် အခုနှစ် ပွင့်လင်းရာသီမှာရောင်းအားပိုမိုကောင်းလာတယ်လို့ ဆရာစံပလာဇာရှိ မြန်မာလက်မှုပစ္စည်းအရောင်းဆိုင်များကသိရပါတယ်။ မြန်မာမှုလက်မှုပစ္စည်း ဈေးကွက်အနေနဲ့  မိုးတွင်းကာလမှာ အရောင်းအ၀ယ်အေးခဲ့ပေမယ့် ပွင့်လင်းရာသီရောက်ရှိချိန်ဖြစ်တဲ့ ဒီဇင်ဘာလကစတင်ပြီး ရောင်းအားသိသိသာသာကောင်းမွန်လာတယ်လို့သိရပါတယ်။ ဒီလိုရောင်းအားကောင်းလာတယ်ဆိုပေမယ့် ဈေးအရမ်းကြီးတဲ့ လက်မှုပစ္စည်းတွေက အရောင်းအေးနေပြီး လက်ဆောင်ပစ္စည်းပုံစံမျိုးတွေသာ ရောင်းအားကောင်းလာတယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေက ဘူးသီးခြောက်ပေါ်မှာ ဆေးရေးထားတဲ့ ပန်းချီကားတွေ၊ မြန်မာ့ဆိုင်းဝိုင်းပုံစံငယ်တွေ၊ အလှထား စောင်းကောက်အသေးတွေ စတာတွေကို စိတ်ဝင်စားမှုရှိကြပြီး ၀ယ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။   

မြန်မာလက်မှုပစ္စည်းတွေဟာ ငွေကျပ်(၃၀၀)ကနေ သိန်းရာကျော်ထိတန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ပြည်တွင်းက ၀ယ်ယူသူတွေအနေနဲ့ နိုင်ငံခြားသွားတဲ့အခါ လက်ဆောင်ပေးနိုင်ဖို့အတွက် ကျောက်စိမ်းနဲ့လုပ်ထားတဲ့ လက်ကောက်၊ ဆွဲကြိုးနဲ့ လက်မှုပစ္စည်းတွေ၊ ကြေးပန်းချီ၊ အင်ကြင်းကျောက်ဆွဲကြိုးများ၊ တွင်းထွက်ကျောက်ရောင်စုံများကို ၀ယ်ယူကြတယ်လို့ သိရပါတယ်။ ဆရာစံပလာဇာမှာ ရောင်းချတဲ့ လက်မှုပစ္စည်းဆိုင်ခန်းတွေကို အခုနောက်ပိုင်းမှာပြည်ပ နိုင်ငံခြားသားတွေ ပိုမိုသိရှိလာတာကြောင့် ၀ယ်ယူမှုတွေ ပိုမိုများပြားလာတယ်လို့လည်း သိရပါတယ်။

 

Related News