တရုတ်တန်းမှာ အကြီးဆုံး တရုတ်စားသောက်ဆိုင်လုပ်ကိုင်တဲ့ မိသားစုတစ်စုရဲ့ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။လူတကာ အမြင်မှာတော့ ကံထူးပြီး အိမ်ထောင်ရေး သာယာသူလို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဟန်ပြလင်မယားလိုလိုသာဖြစ်နေတဲ့ သမီးကြီးဖြစ်သူ ဘုန်းဟယ်ယောင်း.. အသက်ကြီးပေမယ့် မရင့်ကျက်သေးတဲ့ ပြဿနာအိုး သားကြီးဖြစ်သူ ဘုန်းမန်ဟို..ချွေးမဖြစ်ပေမယ့် သမီးရင်းနဲ့ မခြား အနွံတာခံ အနစ်နာခံပြီး မိသားစုအပေါ် ပေးဆပ်ထားတဲ့ ဟန်မီဆွန်း..ထက်မြက်တဲ့ ဆရာဝန်တစ်ဖြစ်လဲ နိုင်ငံခြားက ပြန်လာတဲ့ ဆောဂျီဂွန်း..ဟယ်ယောင်းတစ်ယောက် သည်းခံခြင်း တရား လက်ကိုင်ထားပြီး အမြဲ စေတနာအပြည့်နဲ့ ယောကျာ်းနဲ့ ယောက္ခမအပေါ် ကြိုးစားလုပ်ဆောင်ပေးပေမယ့် ယောက္ခမဖြစ်သူရဲ့ အမြင်မကြည်မှုတွေပဲ ခံနေရပါတယ်။

မမျှော်လင့်တဲ့ အက်ဆီဒင့် တစ်ခုကြောင့် သားဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဇနီးသည်အပေါ် အနေစိမ်း သွေးအေးလာတဲ့ ယူယောင်းဂီ..နောက်ပိုင်း အိမ်ထောင်ရေး ဖောက်ပြန်မှုတွေအထိ ဖြစ်လာခဲ့ပါတယ်..စိတ်မွန်းကြပ်စရာကောင်းပြီး ကိန်းခန်းကြီး သွေးအေးတဲ့ ယောက္ခမလုပ်သူတို့ကြောင့် အမြဲ နာကျင်ခံစားနေခဲ့ရတဲ့ ဟယ်ယောင်းက အမှတ်မထင် ဆောဂျီဂွန်းနှင့် ဆုံတွေ့ခဲ့ပါတယ်..ဒီလိုနဲ့ နာကျင်စရာများကို အတူ မျှဝေ ခံစားပေးပြီး နားခိုရာ ရင်ဖွင့်တိုင်ပင်ဖော် ဖြစ်လာခဲ့ကြပါတယ်။

ဆောဂျီဂွန်းတစ်ယောက် နာကျင်စရာ အတိတ်လည်း ရှိပြီး မချစ်သင့်တဲ့ ဟယ်ယောင်းနဲ့ မေတ္တာမျှဖြစ်ခဲ့ကြပါတယ်..တစ်ဖက်မှာလည်း ဇနီးလုပ်သူရဲ့ တန်ဖိုးကို နားမလည် မရင့်ကျက်သေးတဲ့ မန်ဟိုတစ်ယောက်လည်း နောက်မိန်းမယူမိလို့ အိမ်တွင်းရေးတွေ ရှုပ်ကုန်ကြရပါတယ်..အမြဲ ပေးဆပ်ပြီး အနွံတာခံတတ်တဲ့ မီဆွန်းတစ်ယောက် သည်းမခံနိုင်ချိန်မှာ ကွာရှင်းဖို့ ဖြစ်လာခဲ့ပါတယ်။

မိဘမှသားသမီးအပေါ်ထားသော တစ်ကိုယ်ကောင်းအတ္တနှင့် အိမ်ထောင်ရေးတွင် တင်းလွန်းလျှင် ပြတ်တတ်သည့် သဘောတရားများကို အသားပေး ဖော်ပြထားပါတယ်..ဘုန်း မိသားစုလေးရဲ့ အမျိုးမျိုးအဖုံဖုံသော ပြဿနာတွေ နဲ့ ဒါတွေကို ဖြေရှင်းရင်း မိသားစုဝင် အချင်းချင်း အပြန်အလှန် နားလည်ဖေးမကူညီပေးကြတဲ့ စိတ်ကြည်နူးစရာကောင်းတဲ့ မိသားစု ဇာတ်လမ်းကောင်းလေး တစ်ခုဖြစ်ပါတယ်။