အွန်ဟီးနဲ့ အွန်နာတို့ညီအစ်မနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူမှာ လူယုံဖြစ်တဲ့ မန်နေဂျာသတ်ရဲ့ ယုတ်မာကောက်ကျစ်မှုကို သိရှိပြီး စကားများရန်ဖြစ်ရင်းတံတားပေါ်မှ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်မှန်ကို မသိတဲ့ အွန်ဟီးတို့ညီအစ်မနှစ်ယောက်ကို မန်နေဂျာဘတ်က အဖေဖြစ်သူစီးပွားပျက်၍ ပြန်မလာနိုင်တော့တဲ့အတွက် ဆိုးလ်မြို့ကို အတူလိုက်ခဲ့ဖို့ခေါ်သွားခဲ့ပါတယ်။ ဆိုးလ်မြို့ကိုရောက်တဲ့အခါမှာတော့ နတ်သမီးမိဘမဲ့ဂေဟာကို ပို့ခဲ့ပါတော့တယ်။ အွန်ဟီးရဲ့ညီမဖြစ်သူ အွန်နာကို အိမ်တစ်အိမ်က မွေးစားခဲ့ပေမယ့် ကံအကြောင်းမလှဘဲ မွေးစားတဲ့မိဘတွေအိမ်မီးလောင်ခဲ့ရာက အွန်နာတစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ 

မန်နေဂျာဘတ်က ဆိုးလ်မြို့မှာ စားသောက်ဆိုင်ဖွင့်ရင်း ကြွယ်ဝချမ်းသာလာခဲ့ပြီး အွန်ဟီးကိုလည်း တစ်ဖက်မှလည်း ထောက်ပံ့ပေးခဲ့ပါတယ်။ အွန်ဟီးက အဒေါ်ကြီးမန်နေဂျာဘတ်ရဲ့သား ဆော့ဂျင်းကို ငယ်စဉ်ကတည်းက နှစ်သက်သဘောကျလေးစားခဲ့သူဖြစ်ပါတယ်။ ဆော့ဂျင်းက ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်မင်းသမီး ဂင်ဂျာယောင်းနဲ့ချစ်ကြိုက်ခဲ့ရာက ဂင်ဂျာယောင်းသည် ဆော့ဂျင်းနဲ့ကိုယ်ဝန်ကို ရရှိခဲ့ပါတယ်။ ဆော့ဂျင်းရဲ့မိခင်ဖြစ်သူ မန်နေဂျာဘတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာကြောင့် ဂျာယောင်းတစ်ယောက် ကလေးကို တိတ်တဆိတ်မွေးဖွားခဲ့ပါတယ်။ ဂျာယောင်းက ကလေးမွေးမွေးချင်း မန်နေဂျာဘတ်အိမ်ရှေ့တွင် စွန့်ပစ်ခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှာပဲ အွန်ဟီးက ကလေးကိုတွေ့ကာ ကရုဏာသက်သွားတာကြောင့် မန်နေဂျာဘတ်က အဲဒီကလေးကို မိဘမဲ့ဂေဟာသို့ ပို့ခိုင်းခဲ့ပေမယ့် အွန်ဟီးမှာ ကလေးကိုမွေးစားခဲ့တဲ့အခါမှာတော့ ... အွန်ဟီးရဲ့ဆန်းကြယ်သည့် ချစ်မေတ္တာ၊ အွန်ဟီးအပေါ်ထားရှိသည့် ဂွန်ဝူး၏မေတ္တာစိတ်ကြီးမားပုံ၊ မိန်းမသားတစ်ဦးရဲ့ မိခင်မေတ္တာကြီးမားပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

" နေ့စဉ် ည-၆း၁၅ အချိန်မှာ MRTV-4 ရုပ်သံလိုင်းတွင်ပြသပေးနေတာဖြစ်ပါတယ်။ "