အေးစက်မာကျောတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးနဲ့ပုရိသအပေါင်းကို ဆွဲဆောင်နိုင်ပေမယ့် မည်သူတစ်ဦးတစ်ယောက်ကမှ သူ့နှလုံးသားကို မလှုပ်ခါနိုင်သေးတာကတော့ နိုင်ငံကျော် အဆိုတော် ယူဂျီနာပဲဖြစ်ပါတယ်။ မတော်တဆမှုတစ်ခုကြောင့် မျက်လုံးကွယ်သွားရှာတဲ့ အသက် ၆ နှစ်အရွယ် သားငယ်ကို စွန့်ပစ်ပြီး အောင်မြင်မှုရရှိအောင် ကြိုးစားရုန်းကန်လာခဲ့သူလည်း ဖြစ်ပါတယ်။ အတိတ်ကသူ့ရဲ့အမှားကြောင့် အမြဲစိုးထိတ်ပြီး အထီးကျန်ဆန်နေသူလည်း ဖြစ်ပါတယ်။ 

ဂျောင်ဟယ်ဒန်းကတော့ ငယ်စဉ်ကတည်းက အဆိုဝါသနာပါသူ ဖြစ်ပါတယ်။ မိခင်က ၀ါသနာကြီးလွန်းလှတဲ့ သမီးဖြစ်သူကို ငွေချေးပြီး အခွေထုတ်ပေးခဲ့ပေမယ့် မအောင်မြင်ဘဲ အကြွေးပတ်လည်ဝိုင်းပြီး ဒုက္ခ ပင်လယ်ဝေရင်း သေဆုံးသွားခဲ့ရပါတယ်။ မိခင်သေဆုံးပြီးနောက် အစ်မကြီး အမိရာဆိုသည့်အတိုင်း ညီအစ်မ ၃ ဦးကို ဘွဲ့ရပညာတတ်ဖြစ်အောင် ပြုစုစောင့်ရှောက်နိုင်ဖို့  ယူဂျီနာရဲ့ အသံတုအဆိုတော်အဖြစ် ကပွဲရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။ အသံတု အဆိုတော်ဆိုသည့်အတိုင်း ယူဂျီနာနဲ့ ပတ်သက်သမျှ ခေါင်းအစခြေအဆုံး လိုက်လံတုပရင်း မိမိဘ၀ပါ ပျောက်ဆုံး လုနီးပါးဖြစ်နေခဲ့ပါတယ်။ ၁၀ နှစ်ကျော် တွဲလာခဲ့သည့် ချစ်သူရှိပေမယ့် မိသားစုအရေးကို ဦးစားပေးလွန်းလှသည့် ဂျောင်ဟယ်ဒန်းတစ်ယောက် ချစ်သူနဲ့ လက်မထပ်နိုင်ဘဲဖြစ်နေပါတယ်။

တစ်ရက်မှာတော့ အရက်ဆိုင်တစ်ခုမှာ မိမိသဘောကျနှစ်ခြိုက် တဲ့ ယူဂျီနာအကြောင်း လှောင်ပြောင်ပြောနေသည့် ယောက်ျားတို့ကို ပြန်လည်ချေပပြောဆိုနေချိန်တွင် အမှတ်မထင် ယူဂျီနာနှင့် ဆုံတွေ့ရင်း ခင်မင်သွားကြပါတယ်။ ဒီလိုနဲ့ ယူဂျီနာ၊ ဂျောင်ဟယ်ဒန်းနှင့် ချစ်သူ ဂျိုဆောင်းထက်တို့ ပျော်ပွဲစားထွက်ရာမှ အစပြုပြီး ယူဂျီနာနှင့် ဂျိုဆောင်းထက်တို့ ငြိစွန်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

မည်သူတစ်ဦးတစ်ယောက်မှ လှုပ်ရှား အောင် မလုပ်နိုင်ခဲ့တဲ့ ယူဂျီနာရဲ့ နှလုံးသားက မိမိ၏ သီချင်းကို အသံတုဆိုရင်း အသက်မွေးဝမ်းကြောင်း ပြုနေရသည့် မိန်းကလေး၏ ချစ်သူကိုမှ ချစ်မိ လေသောအခါမှာတော့ ..

အစ်မတစ်ယောက်က ညီမတွေအပေါ်ထားရှိသည့် မေတ္တာ စေတနာ၊ မိဘနှင့်သားသမီးကြားမှာ ဖြစ်လေ့ဖြစ်ထရှိသည့်အရာများ အစရှိသဖြင့် မိသားစုများကြားထဲက အကြောင်းအရာလေးများကို စိတ် ၀င်စားဖွယ်၊ လွမ်းမောဖွယ်၊ ပျော်ရွှင်ဖွယ် ရသမျိုးစုံကို ခံစားကြည့်ရှုနိုင်အောင် ဇာတ်အိမ်ခိုင်ခိုင် ဖန်တီးရိုက်ကူးထားသည့် မိသားစု ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။