ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းရဲ့ချစ်ခြင်းမေတ္တာဟာ သာမန်အမျိုးသမီးတစ်ဦးထက် ပိုမို အားကောင်းကြပါတယ်။ ဒီဇာတ်လမ်းလေးကတော့ မိခင်နှစ်ဦးရဲ့မေတ္တာကိုရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဂျီဝန်းနဲ့ ဂျူဟိုကမိဘမဲ့ကျောင်းမှာအတူတူကြီးပြင်းခဲ့တဲ့သူတွေဖြစ်ပါတယ်။

ဂျီဝန်းက ဆင်းရဲတွင်းမှ လွတ်မြောက်ရန်အတွက် ခက်ခက်ခဲခဲပညာသင်ယူပြီး ဘွဲ့ရယူခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့ နောက်မှာကုမ္ပဏီကြီးတစ်ခုမှာ အတွင်းရေးမှူးအဖြစ် ၀င်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ဂျီဝန်းက သူမ အလုပ်လုပ်နေတဲ့ ကုမ္ပဏီပိုင်ရှင် သူဌေးဂူဒိုယောင်းနဲ့လက်ထပ်လိုက်ပါတယ်။ ဂူဒိုယောင်းမှာ အရင်အိမ်ထောင်နဲ့ရခဲ့တဲ့ သမီးဂူဟယ်ဂျူရှိပါတယ်။ ဂျူဟိုက ဂျီဝန်းတို့အိမ်မှာကားဒရိုင်ဘာလုပ်ပါတယ်။

ဂျီဝန်းက ဂူဒိုယောင်းနဲ့အိမ်ထောင်မကျခင် ကလေးတစ်ယောက်မွေးပြီး မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခဲ့ပါတယ်။ အဲဒီကလေးကိုသေသွားပြီလို့ထင်နေခဲ့ပေမယ့် အဲဒီကလေးက အသက်ရှင်နေခဲ့ ပါတယ်။ အဲဒီကလေးကို ဂျူဟိုက ဂျီဝန်းရဲ့သမီးမှန်းမသိပဲမွေးစားထားခဲ့ပါတယ်။

ဂျီဝန်းနောက်အိမ်ထောင်နဲ့ရတဲ့ကလေး ဂူဟယ်ဆောင်းအတွက် အစားထိုးကုသဖို့လိုနေတဲ့ အခါမှာ ဂျူဟိုရဲ့ မွေးစားသမီးယောလီနဲ့ ဆေးစစ်ချက်ကိုက်ညီနေခဲ့ပါတယ်။အဲဒါကြောင့် ဂျီဝန်းက ယောလီကိုသူ့သမီးမှန်းမသိဘဲ အတင်းအကျပ် အစားထိုးကုသမှုမှာ ကူညီဖို့အတွက် ဖိအားပေးခဲ့ ပါတယ်။

တစ်နေ့မှာတော့ ယောလီဟာ ချမ်းသာတဲ့မိဘတွေရဲ့ မွေးစားခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ချမ်းသာတဲ့မိဘတွေနဲ့ ချစ်သူဆီကပါ စွန့်ပစ်ခြင်းခံခဲ့ရတဲ့ ယောလီတစ်ယောက် ဘဝကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။